မိုးရာသီနဲ့ အသင့်တော်ဆုံး အစားအစာလေးတွေက ဘာတွေလဲ
မိုးရာသီမှာ အစားအစာကို ဂရုစိုက်နိုင်မှ အစာအိမ်အူလမ်းကြောင်း ပိုးဝင်ကူးစက်တာ၊ ဖျားနာတာတွေကို ကာကွယ်နိုင်မှာပါ။ အခုတစ်ခေါက်မှာတော့ အခုလောလောဆယ်မှာ ကျရောက်နေတဲ့ မိုးရာသီမှာ ကျန်းမာစေဖို့ရော ရာသီဥတုနဲ့ ကိုက်ညီစေဖို့ရော စားပေးသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။
- ကြက်စွပ်ပြုတ် - ကြက်သားကို ကြက်သွန်ဖြူ၊ဂျင်း နိုင်နိုင်လေးနဲ့ ရေစပ်ကျဉ်းလေးနဲ့ အချိုအငန်ဝင်အောင် အရင်ပြုတ်ပေးပါ။ ပြီးရင်တော့ ဆူလာပြီဆိုရင် ရေနွေးလေး ထပ်ဖြည့်ပါ။ နောက်ဆုံးမှာ တရုတ်နံနံလေး ခတ်လို့ စားခါနီးလေးမှာ သံပုရာရည်လေး ညှစ်ထည့်ပြီး စားပေးပါ။ မိုးအေးအေးမှာ ကြက်စွပ်ပြုတ်လေးက နွေးထွေးမှုပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။
- ရေနွေးကြမ်း - ရေနွေးဆူဆူလေးကို လက်ဖက်ခြောက် ခတ်ပြီး နွေးနွေးလေး သောက်ပေးပါ။ ဒီလို သောက်ပေးတာက အချမ်းပြေ အနွေးဓာတ် ရစေသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ အများကြီး မသောက်မိဖို့တော့ လိုပါမယ်။ အကြောင်းကတော့ ရေနွေးကြမ်းမှာ ကဖင်းပါတာကြောင့်ပါ။
- ကော်ဖီပူပူနွေးနွေး - ကော်ဖီဆိုတဲ့နေရာမှာ အသင့်ဖျော် ကော်ဖီမဟုတ်ပါဘူး။ ကော်ဖီမှုန့် စစ်စစ်ကို ရေနွေးဆူဆူနဲ့ ကျိုထားတဲ့ ကော်ဖီပါ။ ကော်ဖီထဲကို နွားနို့စစ်စစ် ထည့်ဖျော်ပေးလို့ ရသလို သံပုရာရည်လေးနဲ့ သောက်ပေးလို့လည်း ရပါတယ်။
- နွားနို့ပူပူ - နွားဖို့ ပူပူနွေးနွေးလေးက ပရိုတင်းပြည့်ဝသလို အဆီဓာတ်ရော ကယ်လ်ဆီယမ်နဲ့ ဗီတာမင်တွေလည်း ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေသလို အာဟာရ ပြည့်ဝစေဖို့လည်း ကူညီပေးနိုင်မှာပါ။
- နို့ကြက်ဥပေါင်း - နွားနို့ကို ကြက်ဥလေးနဲ့ မွမွလေးခေါက်ပါ။ သကြားနည်းနည်း ဆားနည်းနည်း ထည့်ပါ။ ပြီးရင်တော့ ခွက်လေး တစ်ခုထဲ ထည့်ပြီး ရေနွေးအိုးတစ်လုံးထဲကို ထည့်ပေါင်းပေးပါ။
မိုးရာသီမှာ အခုလိုလေး စားပေးတာက ကိုယ်ခံအား ကောင်းစေပြီး ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ နောက်ပြီး သတိထားရမှာကတော့ ဆီကြော်စာတွေ၊ လမ်းဘေးစာတွေ၊ ပင်လယ်စာတွေနဲ့ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေကို မစားဖို့ပါ။ နောက်တစ်ခုကတော့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာ၊ သေချာသန့်စင်မထားတဲ့ အသီးအရွက်တွေကို စားပေးတာမျိုးတွေပါ။
သေချာကျက်အောင် ချက်မထားတဲ့ အစားအစာတွေကို စားတာကလည်း မကောင်းသလို လတ်ဆတ်မှု မရှိတာတွေကို မစားဖို့လည်း လိုပါမယ်။ သောက်ရေကိုလည်း ကျိုချက် သောက်သုံးတာမျိုး ဒါမှမဟုတ် သန့်ရှင်းတဲ့ ရေကို သောက်သုံးဖို့ လိုပါမယ်။ မသန့်ရှင်းတဲ့ ရေကို သောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။
မွန်မွန်